ရန်ကုန်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ရန်ကုန်မြို့တော်ကို ပြုပြင်မည့် နှစ် (၃၀) စီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်၊ တိုးပွားမည့် လူဦးရေအတွက် လိုအပ်ပါက မြို့တော်နယ်နိမိတ်အား ချဲ့ထွင်နိုင်ရေး စဉ်းစားသင့်ကြောင်း ဆွေးနွေး PDF Print
Sunday, 18 December 2011 10:57
AddThis Social Bookmark Button
 

ရန်ကုန်မြို့တော်အား ပြုပြင် ဖွံ့ဖြိုးစေမည့် Yangon City Concept Plan (2040) ရေးဆွဲရန် အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့တို့တွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ Micasa ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဌာန ဗိသုကာပညာရှင်များနှင့် စီးပွားရေးပညာရှင်များ ပူးပေါင်း၍ စာတမ်း၂၅ စောင် ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆွေးနွေးရာတွင် ရေတိုအနေဖြင့် ရန်ကုန်မြို့တော်၏ လူနေကျဲပါးသည့် နေရာများတွင် လူနေထူထပ် ဖွံ့ဖြိုးလာအောင် ဖြည့်ဆည်း ဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်လာပါကမူ မြို့ဧရိယာအား ထပ်မံချဲ့ထွင်နိုင်ရေး စဉ်းစားသင့်ကြောင်းကို စာတမ်းရှင်အချို့က တင်ပြဆွေးနွေးခဲ့ကြသည်။


လက်ရှိအနေအထားအရ ရန်ကုန်မြို့နေ လူထုအတွက် အိမ်ရာဖြင့် နေထိုင်မှုမှာ အိမ်ထောင်စု ၁၄ စုလျှင် ၁၀ အိမ်နှုန်းဖြင့် နေထိုင်နေရ . . .

အခြေခံအိမ်ယာ လိုအပ်ချက် ဘယ်လိုရှိမလဲ

၂၀၀၀ ပြည့်နှစ်က ရန်ကုန်မြို့၏ လူဦးရေမှာ လေးသန်းနီးပါးခန့်သာရှိပြီး လက်ရှိတွင် ငါးသန်းကျော် မှ ခြောက်သန်းနီပါးအထိ တိုးပွားလာရာ အဆိုပါလူဦးရေအတွက် အခြေခံအိမ်ယာ လိုအပ်ချက်မှာလည်း အဓိကအရေးကြီးသော အချက် ဖြစ်သည်။ လက်ရှိအနေအထားအရ ရန်ကုန်မြို့နေလူထုအတွက် အိမ်ရာဖြင့်နေထိုင်မှုမှာ အိမ်ထောင်စု ၁၄ စုလျှင် ၁၀ အိမ်နှုန်းဖြင့် နေထိုင်နေရသည်ဟု သိရသည်။

7122a
ရန်ကုန်မြို့လယ် တစ်နေရာကို တွေ့ရစဉ်

“တိုးပွားလာမယ့်လူဦးရေအတွက် သူတို့တွေ ဘယ်မှာနေမလဲဆိုတာ အရေးကြီးပါတယ်။ လူဦးရေက နောက်ထပ်ငါးသန်းထပ်တိုးမှာဖြစ်တဲ့ အတွက် အိမ်ရာလိုအပ်ချက်ကလည်း များလာနိုင်ပါတယ်။ တွက်ချက်မှု တွေအရ လာမယ့် ၂၀၄၀ မှာရန်ကုန် မြို့မှာ တစ်နှစ်ကို အိမ်ရာ  ၂၅၀၀၀ လောက်လိုအပ်မယ်လို့ အကြမ်းဖျင်း တွက်ချက်ထားပါတယ်။ ပေ ၄၀_ပေ ၆၀ နဲ့တွက်ချက်ရင် တစ်နှစ်ကိုမြေဧက ၂၅၀၀ လောက် လိုအပ်ပါမယ်။ အခု ရန်ကုန်မြို့မှာစက်မှုဇုန်တွေများနေလို့ လူနေသိပ်သည်းမှုလျော့နည်းတာလည်း တစ်ချက်ဖြစ်တယ်။ ဒါကြောင့်မြို့သစ် တွေက တချို့လူနေကျဲတဲ့နေရာတွေ  မှာ အိမ်ရာစီမံကိန်းတွေ ဆောက်ပြီး တိုးလာမယ့် လူဦးရေအတွက် ထိန်းသွားသင့်တယ်လို့ ထင်ပါတယ်”ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကတင်ပြဆွေးနွေး သွားခဲ့သည်။

နှစ်ဆတိုးလာမယ့် လူဦးရေနဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်

လာမည့် ၂၀၄၀ ပြည့်နှစ်တွင် နှစ်ဆတိုးလာမည့် ရန်ကုန်မြို့၏ လူ ဦးရေအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ရှိလာမည်ဖြစ်ကြောင်း၊ ယခုလက်ရှိကာလအထိ ရန်ကုန်တိုင်း ဒေသကြီးအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ပမာဏကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ ရရှိသောလျှပ်စစ် အရင်းအမြစ်များဖြင့် အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်း၊ ယင်းအတွက် နိုင်ငံတော်၏ ဓာတ်အား စနစ်မှ လိုအပ်ချက်ကို ရယူသုံးစွဲနေရသည်။

“ရန်ကုန်တိုင်း ဒေသကြီးအတွင်း က ထုတ်တဲ့ ဓာတ်အားခွဲရုံ အကုန်လုံးက ဓာတ်အားတွေက ပေးဝေတဲ့ပမာဏက မလုံလောက်တဲ့အတွက် နိုင်ငံတော်ရဲ့ ဓာတ်အားစနစ်ကနေ လိုအပ်ချက်ကို ရယူသုံးစွဲနေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာက သဘာဝဓာတ်ငွေ့ကလည်း ခွဲတမ်းနဲ့ရတာဖြစ်တယ်။ ရေအားလျှပ်စစ်ကလည်း မထုတ်နိုင်ဘူး။ ဒီအခြေအနေကြောင့်မို့ မလုံလောက်တာပါ။ ပြီးတော့ ရန်ကုန်မြို့ရဲ့ ဓာတ်အားပေးစနစ်က တောင်နဲ့မြောက် ကို သွယ်တန်းပြီး ပေးနေတာဖြစ်တဲ့ အတွက် ကြားထဲမှာ ဓာတ်အားလျော့တာတွေ ရှိပါတယ်။ ဒါကြောင့် တိုးလာတဲ့ လူဦးရေအတွက်ဖြည့်ဆည်း နိုင်အောင်လို့ ၂၃၀ ကေဗီ၊ ၆၆ ကေဗီ ပတ်လမ်းတွေနဲ့ ဓာတ်အားပေးတာ လုပ်သွားဖို့ရှိပါတယ်”ဟု ရန်ကုန်မြို့ တော်လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်က ယင်းစာတမ်းဖတ်ပွဲတွင် တင်ပြဆွေးနွေး သွားခဲ့သည်။


 အကယ်၍ ရန်ကုန်မြို့ဧရိယာအား ထပ်ချဲ့ရန် လိုအပ်လာပါက တောင်ပိုင်းခရိုင်ဖြစ်သော ဒလ၊ သန်လျင်၊ ကျောက်တန်း၊ ကွမ်းခြံကုန်း ပင်လယ်ဝဒေသများအထိ ချဲ့ထွင်၍ ရနိုင်ကြောင်း . .


ရေလိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းပေးမှာလဲ

လက်ရှိကာလ အနေအထားအရ ရန်ကုန်မြို့၌ တစ်ရက်လျှင် ရေ ဂါလန် ၁၆၀ သန်းပေးဝေနိုင်သဖြင့် လိုအပ်ချက်များရှိနေသေးကြောင်း၊ သို့သော်လည်း ရန်ကုန်မြို့နေလူထု အနေဖြင့် မြို့တော်စည်ပင်၏ ရေပေးဝေမှုကို ၆၂ ရာခိုင်နှုန်းသာ သုံးစွဲနေ ပြီး ကျန်ရှိသည့် ၃၈ ရာခိုင်နှုန်းမှာ မြို့တော်စည်ပင်၏ ရေပေးဝေမှုကို မသုံးစွဲဘဲ ကိုယ့်အစီအစဉ်ဖြင့်သာ သုံးစွဲနေကြကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူတစ်ဦးက “တိုးလာမယ့်လူ ဦးရေအတွက် ရေလိုအပ်ချက်ကလည်း ရှိပါတယ်။ အဲဒီအတွက် ၂၀၄၀  Structure Plan အရ တိုးမြင့်လာမယ့် လူဦးရေအတွက် ပြေလည်စေမယ့် ရေပေးဝေရေးစီမံကိန်း အသစ်တွေကို ဆောင်ရွက်သွားဖို့ လျာထားပါတယ်။ အဲဒီအတွက်စီမံကိန်း သုံးလေးခုလောက် စဉ်းစားထား တယ်။ အဲဒီစီမံကိန်းတွေ ပြီးရင်တော့ ရန်ကုန်မြို့ကို တစ်နေ့ရေဂါလံ သန်း ၅၂၀ အထိ ပေးဝေလာနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ အခုလက်ရှိ ရေပေးဝေမှုကိုလည်း ကောင်းအောင်လုပ်မယ်။ ရေအလေအလွင့် နည်းပါး အောင်လုပ်မယ်။ လက်ရှိပိုက် network တွေကလည်း နှစ် ၁၀၀ ၀န်း ကျင်ရှိနေပါပြီ။ ဒါကြောင့် တချို့ ပိုက်ပေါက်ပြီး ပေးသလောက် မရောက်တာလည်းရှိပါတယ်။ ခုတော့ downtown မှာ ပိုက်တွေပြန်ပြင်နေပါတယ်။ မြို့တိုးချဲ့တာပဲဖြစ်ဖြစ်၊ မြို့တွင်းမှာပဲ ဖြစ်ဖြစ် လိုအပ်နေတဲ့ရေကို အလုံအလောက် ရရှိအောင် ဆောင်ရွက်သွားဖို့လိုတယ်။ အ၀ီစိတွင်းတူးတာတွေကိုလည်း လျှော့ချသွားဖို့ ရှိပါတယ်”ဟု အဆိုပါဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည်။

7122
ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဇေယျတံတားအနီး တစ်နေရာကိုတွေ့ရစဉ်

 

မိလ္လာစနစ်လည်း မရှိမဖြစ် လိုအပ်တယ်

မိလ္လာစနစ်မှာလည်း မရှိမဖြစ် လိုအပ်လျက်ရှိရာ ယခုလက်ရှိရန်ကုန် မြို့၏ မိလ္လာစွန့်ပစ်မှုစနစ်မှာ အဆင် ပြေစေရုံဆိုသည့် အတိုင်းအတာသာ ရှိနေသေးကြောင်း၊ ၂၀၄၀ တွင် မဟုတ်ဘဲလာမည့် ၂၀၂၀ ပြည့်နှစ် အတွင်း၌ပင် ယခုလက်ရှိ မိလ္လာစနစ် အတိုင်းအသုံးပြုရန်ပင် အခက်အခဲ များရှိလာမည် ဖြစ်သောကြောင့် ယင်းအတွက်ကိုလည်း စဉ်းစားသင့်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

ရန်ကုန်မြို့၏ လက်ရှိမိလ္လာစွန့် ပစ်မှုစနစ်မှာ မြို့တွင်းခြောက်မြို့နယ် နှင့် ဒဂုံမြို့နယ်တစ်စိတ်တစ်ဒေသ၊ မင်္ဂလာတောင်ညွန့်မြို့နယ် တစ်စိတ် တစ်ဒေသတို့ကို မိလ္လာပြွန်စနစ်ကို အသုံးပြုနေခြင်း ဖြစ်သည်။ အခြား မြို့နယ်များတွင်မူ ပိုက်လိုင်းစနစ်ဖြင့် အသုံးပြုလျက်ရှိကြောင်း၊ မိလ္လြွာပန် စနစ်ဖြင့် အသုံးပြုနေသော မိလ္လာတွန်းစက်အိုးများမှာ ၁၂၃ နှစ် ရှိနေပြီ ဖြစ်၍ နှစ်စဉ်ပြုပြင်မွမ်းမံ၍ အသုံး ပြုနေရကြောင်း ဆွေးနွေးခဲ့သည်။

“သန်လျက်စွန်း ရေဆိုးသန့်စင် စက်ရုံမဖွင့်ခင်က ရန်ကုန်မြို့ကထွက် ရှိတဲ့ရေဆိုးတွေကို မြစ်ထဲကို တိုက် ရိုက်စွန့်ပစ်ပါတယ်။ ၂၀၀၆ ခုနှစ် သန်လျက်စွန်း ရေဆိုးသန့်စင်စက်ရုံ ဖွင့်ပြီးမှာတော့ ရေဆိုးတွေကို  စက်ရုံ မှာသန့်စင်ပြီးမှ မြစ်ထဲကို စွန့်ပစ်မှု လုပ်ခဲ့တယ်။ တိုးလာမယ့်လူဦးရေ အတွက်ကို မြစ်နဲ့နီးတဲ့နေရာတွေဖြစ်တဲ့ အလုံ၊ ပိတောက်ချောင်းစတဲ့ နေရာတွေမှာ ရေဆိုးသန့်စင်နိုင်တဲ့ အစီအစဉ်တွေ တိုးချဲ့လို့ရပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက တင်ပြဆွေးနွေးခဲ့သည်။

အမှိုက်သိမ်းစနစ်ပါ ထည့်သွင်းစဉ်းစားရမယ်

ရန်ကုန်မြို့တော်အတွင်း နေထိုင်သော လူဦးရေနှင့် လိုက်လျောညီထွေ ဖြစ်နိုင်သည့် အမှိုက်သိမ်းဆည်း စွန့်ပစ်မှုစနစ်မှာလည်း အခြေခံလိုအပ်ကြောင်း၊ လက်ရှိအနေအထားအရ အမှိုက်သိမ်းစနစ်တွင် အားနည်းမှုအချို့ ရှိနေကြောင်း၊ ၂၀၄၀ လူတစ်ဦး၏ အမှိုက်စွန့်ပစ်မှုမှာ ၀ ဒသမ ၅ ကီလို ဂရမ်ရှိလာမည်ဖြစ်၍ အမှိုက်သိမ်း လုပ်သားဝန်ထမ်း ၂၀၀၀၀ ခန့်၊ အမှိုက်သိမ်းယာဉ် အစီးရေ ၁၀၀၀ ခန့် လိုအပ်မည်ဖြစ်၍ ယင်းအတွက်ကိုလည်း ကြိုတင်စီမံထားရန် လိုအပ်လာပြီဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းရှင်တစ်ဦးက ဖတ်ကြားဆွေးနွေးခဲ့သည်။

“လူဦးရေတိုးလာနဲ့အတူ လူ တစ်ဦးရဲ့အမှိုက်စွန့်ပစ်မှုက နှစ်ဆနီးပါး တိုးလာမှာဖြစ်တဲ့အတွက် အမှိုက်သိမ်းဝန်ထမ်း၊ ကားတွေလိုလာမယ်။ နောက်ဆုံးစွန့်ပစ်တဲ့ အမှိုက်ပုံနေရာ တွေ ရွေးချယ်ထားဖို့ လိုပါတယ်။ နောက်ပြီး ရေထု၊ လေထုညစ်ညမ်းမှု ဆိုင်ရာကိစ္စရပ်တွေပါ။ မြစ်ကမ်း နံဘေးစက်ရုံတွေက စွန့်ပစ်တဲ့ ရေဆိုးတွေက မြစ်တွေထဲကို ရောက်ရှိတယ်။ အဲဒီအတွက် မြစ်ရေညစ်ညမ်းမှုတွေ ဖြစ်တယ်။ ဒါကြောင့် ဒါကိုထိန်း ချုပ်ဖို့အတွက် National  စံနှုန်းတစ်ခု ဒါမှမဟုတ် အာဆီယံစံနှုန်း တစ်ခု သတ်မှတ်ပေးပြီး ထိန်းချုပ်ပေးဖို့ လိုပါတယ်”ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို လေ့လာ လုပ်ကိုင်နေသူတစ်ဦးက တင်ပြဆွေးနွေးခဲ့သည်။

လမ်းတွေကောင်းဖို့ရော ဘယ်လိုစဉ်းစားထားလဲ

ရန်ကုန်မြို့တွင် အဓိကလမ်းမကြီးများအဖြစ် ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်းစသည်တို့ တည်ရှိကြောင်း၊ အရှေ့အနောက်သွယ်တန်း လမ်းများအဖြစ် ကျိုက်ဝိုင်းဘုရားလမ်း၊ ပါရမီ လမ်း စသည်တို့ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ် မတ်လတွင် ကောက်ယူခဲ့သော စာရင်းအရ ရန်ကုန်တစ်မြို့လုံးတွင် လမ်းမိုင်ရှည် စုစုပေါင်း ၂၇၆၉ မိုင် ရှိကြောင်း၊ ယင်းလမ်းမျာအား အမျိုးအစားများ ခွဲခြားထားပြီး ကတ္တရာလမ်း၊ ကွန်ကရိလမ်း၊ မြေသားလမ်း တို့ဖြစ်ကြောင်း သိရှိရသည်။

ဆက်သွယ်သွားလာရေးတွင် ကားလမ်း၊ ရထားလမ်း၊ ပင်လယ် ရေကြောင်းလမ်း၊ လေကြောင်းလမ်း တို့အနက်  ရန်ကုန်မြို့တွင်း ဆက်သွယ်သွားလာနေသည်မှာ ကားလမ်း မှဖြစ်ကြောင်း၊ လမ်းများကောင်း မွန်မှသာ အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ နေရာအများစုတွင် လမ်းပျက်စီးမှု များပြားနေခြင်းကြောင့် ခရီးလမ်း တစ်ခုအား အချိန်တိုအတွင်း သွားလာ၍ မရနိုင်ခြင်း၊ အချို့နေရာများတွင် လမ်းကျဉ်းမြောင်းခြင်းကြောင့် ကားပိတ်ဆို့မှုများ ရှိနေသည်။

ယာဉ်အစီးရေသုံးသိန်းနဲ့ ကြီးထွားလာတဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ

ရန်ကုန်မြို့တော်တွင် လက်ရှိ ယာဉ်အစီးရေမှာ သုံးသိန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ကားအစီးရေ၏ သုံးပုံနှစ်ပုံမှာ ကိုယ်ပိုင်ကားများဖြစ်ကြောင်း၊ ဒုတိယအများဆုံး အငှားကားနှင့် ခရီးသည်တင် ဘတ်စကားများဖြစ်ကြောင်း သိရှိရသည်။

လက်ရှိရန်ကုန်မြို့၏ ယာဉ်အစီးရေနှင့်ပင် ရန်ကုန်မြို့တွင်းနေရာ အတော်များများတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း၊  အထူးသဖြင့် လှည်းတန်း၊ ရွှေဂုံတိုင်၊ သမိုင်းလမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ မြေနီကုန်းလမ်း ဆုံများသည် ယာဉ်ကြောရှုပ်ထွေးမှု များပြားသည့် အဓိက ပစ်မှတ်နေရာ များဖြစ်ပြီး ရုံးဆင်းရုံးတက်ချိန်များတွင် ပိုမိုဆိုးရွားကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်း ၂၈၃ လိုင်းရှိရာ အဆိုပါ လိုင်းများမှ မြို့တွင်းအလယ်ဧရိယာ ကိုသာ ဗဟိုပြုပြေးဆွဲနေကြ၍ မြို့တွင်း ဧရိယာတွင် ယာဉ်ကြောပိတ် ဆို့မှုများရှိနေကြောင်း၊ ကိုယ်ပိုင်ကား များအနေဖြင့်လည်း မြို့တွင်းဧရိယာ လမ်းမများပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ထား၍ ယာဉ်ကြောပိတ်ဆို့မှု များဖြစ်ပွားနေကြောင်း သိရသည်။ ယင်းကဲ့သို့လက်ရှိ ကားအစီးရေနှင့်ပင် ယာဉ်ကြောပိတ်ဆို့မှု ကြီးထွားနေရာ ထပ်မံ၍ လူဦးရေတိုးလာပြီး ကားအစီးရေတိုးလာပါက ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားလာမည် ဖြစ်ကြောင်း၊ ကားမှတ်တိုင်အချို့မှာ ကားလမ်းမပေါ်တွင် တည်ရှိခြင်းကြောင့် ကားများမှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ထားမှုကလည်း ပြဿနာ ဖြစ်ကြောင်း၊ ထို့အတူ ယာဉ်ရပ်နား နိုင်သည့်နေရာ အလုံအလောက် မရှိခြင်းကလည်း ပြဿနာတစ်ရပ်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။

တိုးပွားလာမယ့် လူဦးရေအတွက် မြို့ဧရိယာတိုးချဲ့ဖို့ လိုသလား

လက်ရှိအနေအထားအရ ရန်ကုန်မြို့တွင်း ဧရိယာများတွင်သာ လူနေ ထူထပ်သိပ်သည်းမှု များပြားနေပြီး လှိုင်သာယာကဲ့သို့ မြို့သစ်အချို့မှ လွဲ၍ အခြားမြို့သစ် ဧရိယာများတွင် လူနေထိုင်မှုကျဲနေကြောင်း သိရသည်။ မြို့သစ်ဧရိယာများတွင် စက်မှုဇုန်ဖော်ထုတ်မှု များသည့်အတွက် လူနေထိုင်မှု ကျဲပါးနေခြင်းဖြစ်ကြောင်း၊ ထို့ ကြောင်Structure Plan တွင် ကာလတို စီမံချက်အနေဖြင့် လူနေထိုင်မှု ကျဲသည့်မြို့နယ်များတွင် လူနေထူထပ် သိပ်သည်းလာအောင် ဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်လာပါ က မြို့ဧရိယာကို တိုးချဲ့သင့်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

“အခု Structure Plan  က မြို့ သစ်တိုးချဲ့ဖော်ထုတ်ဖို့ကိုတော့ မသတ်မှတ်ရသေးဘူး။ ရှိပြီးသား မြို့သစ် မြို့နယ်ထဲက လူနေကျဲတဲ့နေရာတွေ ကို ဒီထက်လူနေ ထူထပ်လာအောင် ဖွံ့ဖြိုးတိုးတက်လာအောင်ပဲ ဆောင်ရွက်သင့်တယ်။ နောက် ၁၀ စုနှစ် တစ်ခုလောက်ကြာတဲ့အခါ ရွှေ့ပြောင်းလာတဲ့ လူတွေ၊ တိုးလာမယ့်လူတွေ အတွက်ပဲ မြို့ချဲ့ဖို့လိုတာပါ”ဟု ဗိသုကာ ပညာရှင်တစ်ဦးက ဆွေးနွေးခဲ့သည်။

အကယ်၍ ရန်ကုန်မြို့ဧရိယာ အား ထပ်ချဲ့ရန် လိုအပ်လာပါက တောင်ပိုင်းခရိုင်ဖြစ်သော ဒလ၊ သန် လျင်၊ ကျောက်တန်း၊ ကွမ်းခြံကုန်း ပင်လယ်ဝဒေသများအထိ ချဲ့ထွင်၍ ရနိုင်ကြောင်း စာတမ်းရှင်တစ်ဦးက တင်ပြဆွေးနွေးခဲ့သည်။

“ရန်ကုန်Structure Plan ၂၀၄၀ မှာ လူဦးရေးတိုးလာရင် လိုအပ်လာပါက ရန်ကုန်မှာရှိတဲ့ ခရိုင်ကို လေးခုကနေငါးခုအဖြစ် ပြောင်းလဲပြီး ဆောင်ရွက်သင့်ကြောင်း တင်ပြချင်ပါတယ်။ လူဦးရေ ၁၀ သန်းကို ဖြန့်ကျက်နေရာချနိုင်ဖို့အတွက်ဆိုရင် တောင်ပိုင်းခရိုင်ဘက်ကို ချဲ့လို့ရနိုင် ပါတယ်။ တောင်ပိုင်းခရိုင်က အခြေချနေထိုင်လို့ရတဲ့ အနေအထားရှိနေ တယ်။ မြောက်ပိုင်းခရိုင်ကတော့ ငလျင်ကြောတွေနဲ့ ရှိနေတဲ့အတွက် မဖြစ်နိုင်ပါဘူး။   တိုးလာမယ့် လူဦးရေ အတွက် စားနပ်ရိက္ခာကို ဧရာဝတီတိုင်း ဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး တို့က ယူလို့ရနိုင်တဲ့ အနေအထားမို့ လို့ပါ”ဟု စာတမ်းရှင်တစ်ဦးက ဆွေးနွေးတင်ပြသွားခဲ့သည်။

ကျန်းမားရေးကဏ္ဍ

ရန်ကုန်မြို့အတွင်း ၂၀၁၀- ၂၀၁၁ ခုနှစ်တွင် ကောက်ယူခဲ့သော စစ်တမ်းအရ အရှေ့ပိုင်းခရိုင်တွင် အစိုးရဆေးရုံ ၁၆ ခုနှင့် ပုဂ္ဂလိက ဆေးရုံ ၁၀ ခုဝန်းကျင်၊ အနောက်ပိုင်း ခရိုင်တွင် အစိုးရဆေးရုံ ၁၀ ခုနှင့် ပုဂ္ဂလိကဆေးရုံ ၂၁ ခု၊ တောင်ပိုင်း ခရိုင်တွင် အစိုးရဆေးရုံ ၂၃ ခုနှင့် ပုဂ္ဂလိကဆေးရုံ တစ်ခု၊ မြောက်ပိုင်း ခရိုင်တွင် အစိုးရဆေးရုံ ၂၅ ခုနှင့် ပုဂ္ဂလိကဆေးရုံငါးခုတို့ဖြင့် ကျန်းမာ ရေးစောင့်ရှောက်မှု ခံယူနေရခြင်း ဖြစ်ပြီး အရှေ့ပိုင်းခရိုင်အတွင်း ပျမ်းမျှ ဆရာဝန်တစ်ဦးလျှင် လူနာ ၃၆၃၈ ဦး၊ အနောက်ပိုင်းခရိုင်တွင် ဆရာဝန် တစ်ဦးလျှင် လူနာ ၁၄၀၀ ဦး၊ တောင်ပိုင်းခရိုင်တွင် ဆရာဝန်တစ်ဦးလျှင် လူနာ ၁၈၁၇၆ ဦးနှင့် မြောက် ပိုင်းခရိုင်တွင် ဆရာဝန်တစ်ဦးလျှင် ၁၃၆၄၇ ဦးဖြင့် ကုသနေရသည်ဟု စာတမ်းရှင်တစ်ဦးက တင်ပြဆွေးနွေးသွားခဲ့သည်။

“ဆရာဝန်နဲ့ လူနာအချိုး မညီမျှတာတွေ ဖြစ်နေပါတယ်။ ရောဂါ ဖြစ်ပွားမှုကို ကြည့်မယ်ဆိုရင်လည်း တီဘီနဲ့ ၀မ်းပျက်ဝမ်းလျှော ရောဂါ ကြောင့် သေဆုံးမှုနှုန်း အများဆုံးဖြစ် နေတယ်။ ဒါကြောင့် ရန်ကုန်မြို့ရဲ့ တိုးပွားမယ့်လူဦးရေအတွက် Structure Plan  စဉ်းစားမယ်ဆိုရင် ကျန်းမာရေးကဏ္ဍကလည်း အရေးကြီးပါတယ်” ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ စာတမ်းရှင်တစ်ဦးက ဆွေးနွေးခဲ့သည်။

စိမ်းလန်းမှု ဧရိယာ လျော့ကျလာတဲ့ ရန်ကုန်မြို့

ရန်ကုန်မြို့တော်၏ မြို့လယ် ဧရိယာများဖြစ်သော ကျောက်တံတား၊ ပန်းပဲတန်းမြို့နယ်များတွင် တစ်ဧက၌ လူဦးရေ ၄၀၀ ခန့်နေထိုင်ကြောင်း၊ ထို့အတူ လသာ၊ ပုဇွန်တောင်စသော နေရာများတွင်လည်း လူနေထိုင်မှု သိပ်သည်းလာခြင်းကြောင့် မြို့တွင်း ဧရိယာများတွင် စိမ်းလန်းမှုဧရိယာ (Green Area) မရှိသလောက် နည်းပါးသွားကြောင်း ဆွေးနွေးခဲ့သည်။

“အခုရန်ကုန်မြို့လယ်မှာ စိမ်းလန်းမှု လုံးဝမရှိတော့ပါဘူး။ ဒါ ကြောင့် လူဦးရေတိုးရင် ရန်ကုန်မြို့ က ပိုမိုလာနိုင်ပါတယ်။ စိမ်းလန်းမှု ရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် City Plan မှာ စိမ်းလန်းစိုပြေရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားရေး ဆွဲပေးဖို့ လိုပါတယ်။ ကန်တော်ကြီး၊ အင်းယားပတ်ဝန်းကျင်အပြင် လှော် ကားကန်ဧရိယာ ၀န်းကျင်ကိုလည်း တစ်နည်းတစ်ဖုံ ထိန်းသိမ်းပေးဖို့ အကြံပြုချင်ပါတယ်”ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ဆွေးနွေးတင်ပြခဲ့သည်။

ထို့ပြင် မြို့ပြအဆောက်အအုံ တည်ဆောက်မှုများပြားလာခြင်းနှင့် အတူ သဘာဝမြင်ကွင်းများပိတ်ဆို့ လာခြင်းကိုလည်း ထိန်းသိမ်းသင့်ကြောင်း၊ ရွှေတိဂုံစေတီတော် မြင် ကွင်းများပိတ်ဆို့လာခြင်း ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ ဆူးလေ ဘုရားပတ်ဝန်းကျင်လည်း အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်လာမှုကြောင့် ဘုရားပတ်လည်မီတာ ၃၀၀ အတွင်း အထပ်မြင့် အဆောက်အအုံ တည်ဆောက်မှုများကိုလည်း ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း တင်ပြဆွေးနွေးမှုများ ရှိခဲ့သည်။

ရှေးဟောင်း အဆောက်အအုံတွေကိုလည်း ဧရိယာသတ်မှတ်ပြီး ထိန်သိမ်းသင့်တယ်

လက်ရှိ ရန်ကုန်မြို့တော်တွင် ရှေးဟောင်း အဆောက်အအုံ ၁၈၉ လုံး ရှိသည့်အနက် မြို့လယ်ဧရိယာ ဖြစ်သော ကျောက်တံတားမြို့နယ် တွင် ၃၉ လုံးဖြင့် အများဆုံးဖြစ်နေ ကြောင်း၊ ယင်းအတွက် ရှေးဟောင်း အဆောက်အအုံရှိသည့် နေရာများကို သာမက ယင်းနှင့်ဆက်စပ် ပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းမှုဧရိယာများ ပြုလုပ်သင့်ကြောင်း၊ ၀န်ကြီးများရုံး ကဲ့သို့ အဆောက်အအုံများမှာ ဗိသုကာလက်ရာအရ သာမက မြို့တည်သမိုင်းအရပါ ထိန်းသိမ်းသင့်ကြောင်း လည်း ၀ိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

“ရှေးဟောင်းအဆောက်အအုံ စာရင်းတွေကို ၁၉၉၆ ခုနှစ်မှာ ထုတ် ပြန်ကြေညာခဲ့ပြီး စုစုပေါင်း ၁၈၉ လုံး ရှိပါတယ်။ ဆူးလေဘုရားတ ည်ရှိရာ ကျောက်တံတားမြို့နယ်မှာ ရှေးဟောင်း အဆောက်အအုံ ၃၉ လုံးရှိပြီးတော့ ရှေးဟောင်း အဆောက်အအုံအများဆုံး တည်ရှိရာမြို့နယ် ဖြစ်ပါတယ်။ လူဦးရေထူထပ်တယ်၊ မြင်ကွင်းလမ်း ကြောင်းတွေ၊ Landmark အရပဲ ဖြစ်ဖြစ် အဆောက်အအုံသစ်တွေ ဆောက်လုပ်ခွင့်ပြုမယ်ဆိုရင် အဆောက်အအုံအမြင့်နဲ့ ဒီဇိုင်းကို စနစ်တကျ စိစစ်ခွင့်ပြုဖို့ လိုအပ်နေတာကို တွေ့ရပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ အဆောက်အအုံမှ တာဝန်ရှိသူတစ်ဦးက ဆွေးနွေး တင်ပြခဲ့သည်။

ဆွေးနွေးချက်များအပေါ်တွင် ဗိသုကာပညာရှင်တစ်ဦးက “ပြည်လမ်းက နိုင်ငံခြားရေးဝန်ကြီးရုံး နေရာကို ယူလိုက်ပြီး လွတ်တဲ့မြေကွက်လပ်မှာ အဆောက်အအုံဆောက်တာ Image Heritag ကိုထိခိုက်တယ်။ အလားတူ ၀န်ကြီးများရုံးကိုလည်း ထိန်သိမ်းပေးမယ်လို့ပြောပြီး ယူသွားမယ်။ ပြီးတော့ဘေးက မြေကွက်လပ် မှာ အဆောက်အအုံတွေ ဆောက်လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ” ဟု အကြံပြုဆွေးနွေးခဲ့သည်။

မြို့တော်အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှု

လက်ရှိ ရန်ကုန်မြို့တော်တွင်  အစီအစဉ်ကျနမှုမရှိသော မြေအသုံးချမှုများ၊ အစိုးရပိုင်မြေနှင့် စည်ပင်ပိုင်မြေများအား ကျူးကျော်နေထိုင်မှုများ၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ကျူးကျော်နေထိုင်ခြင်း၊ ဖွံ့ဖြိုးမှုဆောင်ရွက်နိုင်ရန် အချိန်ကိုက်စီမံကိန်းများရေးဆွဲနိုင်မှု မရှိခြင်း၊ စက်မှုလက်မှု လုပ်ငန်းများ လူနေရပ်ကွက်များ၊ စီးပွားရေးဧရိ ယာများအတွင်း ကြဲပြန့်စွာ တည်ရှိနေခြင်းတို့ ဖြစ်ပေါ်လျက် ရှိခြင်းကြောင့် မြို့ပြအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု အပိုင်းအား နည်းလမ်းများဖြင့် ဖြေရှင်းသွားရန် လိုအပ်ကြောင်း စာတမ်း ရှင်တစ်ဦးကဆွေးနွေးတင်ပြခဲ့သည်။

ယင်းအတွက် ရန်ကုန်မြို့တော်ရှိ Open Space  ဧရိယာများကို ကျူးကျော်မှုမရှိအောင် ကာကွယ်ထိန်းသိမ်းသွားရန်၊ စနစ်ကျနမှု မရှိသည့်  နေရာများ၊ ရပ်ကွက်များအား အိမ်ရာစီမံကိန်းများ အဖြစ် အဆင့်မြှင့်တင်ရန်လည်း လိုအပ်ကြောင်း တင်ပြ ဆွေးနွေးမှုလည်း ရှိခဲ့သည်။

အလားတူ မြေစီမံခန့်ခွဲမှုဆိုင်ရာ စာတမ်းရှင်တစ်ဦးကလည်း နိုင်ငံခြားသား အမည်ပေါက်မြေများ၊ ကျူး ကျော်မြေများ၊ မီးလောင်မြေများနှင့် ပတ်သက်၍လည်း မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွင် အကျိုးရှိစွာ ဖော်ထုတ် သင့်ကြောင်းနှင့် မြို့ပြစီမံကိန်း ရေးဆွဲရာတွင် အများပြည်သူတို့နှင့် သက်ဆိုင်သည့် ပန်းခြံ၊ လမ်းတံတား၊ အိမ်ရာ စသည်တို့အား ပိုမိုတိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ရန်၊ ဆက်လက် ထိန်းသိမ်းထား ရှိသင့်သည့် ဧရိယာများအား ထိန်းသိမ်းထားရန်၊ ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဇုန်နယ်မြေများသတ်မှတ်၍ စည်းကမ်းချက်များ ထုတ်ပြန်ထားရန်လည်း လိုအပ်သည်ဟု မြေစီမံခန့်ခွဲမှုဆိုင်ရာ စာတမ်းရှင်တစ်ဦးက ဆွေးနွေးဖတ်ကြားခဲ့သည်။

 

Comments

 
+1 #19 sanlinnnaing 2011-12-27 10:32
ရန်ကုန်မြို့ လား....ပြင်မနေပါနဲ့ ဗျာ....အကုန်ဖြို...အသစ်ပြန်ဆောက်..ပိုကောင်းတာပေါ့ နော်...လူတွေကို ရွှေ့  ထားလိုက်ပေါ့  :P (နောက်တာနော်)
 
 
+2 #18 yeeyintthu 2011-12-26 15:23
နှစ်သုံးဆယ်ပြည့်မှ ရန်ကုန်မြို့တော်ကြီးက စင်္ကာပူလိုဖြစ်မယ်ဆိုရင်တော့ ကျွန်တော့်တစ်သက် မြင်ရမယ်မထင်တော့ပါဘူး
 
 
+18 #17 MagicGuy 2011-12-21 11:11
ဝန်ထမ်းတွေ၊ နိုင်ငံတွင်းက ပညာရှင်တွေလည်း အဆင်မြှင့်ပေးဖို့၊ အတွေးအခေါ်ပြောင်းပေးဖို့ လိုနေပါပီ။
ဒီ ၂၁ ရာစုထဲမှာ တည်တဲ့ မြို့သစ်ကြီး (နြေ့ပည်တော်) ကို သေသေချာချာ လေ့လာကြည့်လျှင် လိုအပ်ချက်တွေ အများကြီး တွေ့ရပါတယ်။
အကောင်းဆုံး ဥပမာက၊ နေပြည်တော်မှာ ရှိတဲ့ မြို့သစ်က အိမ်ကွက်တွေမှာ နောက်ဖေး လမ်းကြား မပါပါ။ လျှပ်စစ်ဓါတ်အားလိုင်း သွယ်ရန် အဆင်သင့် မဖြစ်ပါ။ ရေပေးဝေရေး ပိုက်နေရာ မပါပါ။ (ဆိုလိုသည်မှာ နောင်ထဲ့ရန်လည်း အဆင်ပြေအောင် လုပ်ပေးမထားပါ)၊ ရေဆိုး၊ မိလ္လာပိုက် မပါပါ။ လမ်းများမှာ အနာဂါတ် ယာဉ်ကြောပိတ်နိုင်မှု အတွက် တွက်ချက်ထားခြင်း မဟုတ်ပါ။ (ဆိုလိုသည်မှာ လမ်းသွယ် ၄ လမ်း ကို လမ်းကြီး ၁ လမ်း၊ လမ်းကြီး ၂ လမ်းကို လမ်း မ တစ်ခု၊ လမ်းမ ၂ ခုကို လမ်းမကြီး ၁ခု စသည်ဖြင့် စနစ်တကျ လုပ်ထားတာ မဟုတ်ပါ)။ နှစ် ၁၀၀ကျော်က (၁၉ရာစုက) အင်္ဂလိပ် လုပ်သွားသော ရန်ကုန်မြို့ထဲက ဒီဇိုင်အားဖြင့် မီသော (အဆောက်အဦးအားဖြင့် မမီတောင်မှ) မြို့သစ် တစ်ခုမှ မရှိပါ။ ဒီလိုကိစ္စမျိုးမှာ စစ်အစိုးရသော်၎င်း၊ မဆလ သော်၎င်း တာဝန်ရှိသည်ဟု ဆိုနိုင်သော်လည်း၊ လက်တွေမှာ ပညာရှင်ဝန်ထမ်းများ၏ လိုအပ်ချက်များကြောင့် ဖြစ်ပါတယ်။ ခုလို မြို့သစ် လုပ်ဦးမည်ဆိုလျှင်တော့ ထို အချက်များ (တစ်အိမ်ခြင်း လိုအပ်ချက်များ)သာမက၊ လူထုလူတန်းစားလိုအပ်ချက် (ရပ်ကွက်ခြင်းလိုအပ်ချက်)များ - ဥပမာ ပန်ခြံ၊ ဓမ္မာရုံ၊ စာကြည့်တိုက်၊ ဈေး၊ စားသောက်ဆိုင်၊ ကစားကွင်း၊ ကျောင်း၊ ဆေးရုံ၊ ကားမှတ်တိုင်၊ ရထားဘူတာလေးများ၊ .. မှသည်။။ မြို့ပြတစ်ခုလုံးလိုအပ်ချက်များ - ဥပမာ၊ လေယာဉ်ကွင်း၊ ဘူတာရုံ၊ ရုပ်ရှင်-ကဇာတ်ရုံ၊ ဈေးဝယ်စင်တာ၊ ဌာနဆိုင်ရာ ရုံးများ၊ ယာဉ်ရပ်နားရေး နေရာများ၊ ပြတိုက်များ၊ အထိမ်းအမှတ်နေရာများ၊ မြို့တော်ခမ်းမ၊ ဟော်တယ်၊ အပန်းဖြေနေရာများ၊ အဝေးပြေးကားဂိတ်၊ သင်္ဘောဆိပ်၊ ဓါတ်အားပေး စံနစ်၊ ဆက်သွယ်ရေးစံနစ်၊ ရေပေးရေး စံနစ်၊ အမှိုက်သိမ်းစံနစ်၊ စသည်များကိုပါ၊ စနစ်တကျ မျှမျှတတ တိုးတက်စေရန် စီစဉ်လုပ် ရေးဆွဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
 
 
+16 #16 yemaykyi 2011-12-20 18:50
နှစ်သုံးဆယ်ကြီးများတောင်လားးး
အဲလောက်ထိတော့ မလုပ်ပါနဲ့။ ၁၀နှစ်လောက်ဆို တော်ရောပေါ့။ ၁၀နှစ်အတွင်းမှာ ပြည်သူတွေကပါ အားကျိုးမာန်တက် တစ်ထောင့်တစ်နေရာကနေ ဝင်ပါကြမှာပါ။ နှစ်၃၀ဆယ်ရောက်မှ ရန်ကုန်မြို့ကြီး စင်ကာပူလိုဖြစ်မယ်ဆိုရင်တော့ ခြေတုန်လက်တုန်၊ မျက်စေ့ကမှုန်နဲ့ မသေခင်လေးတောင် ရန်ကုန်မြို့ကြီးရဲ့ တိုးတက်လှပမှုကို မြင်ခွင့်ရတော့မှာ မဟုတ်တော့ဘူး။
 
 
+23 #15 zaw19 2011-12-19 23:16
freedomfighter ပြောတာကောင်းတယ်..အကြောင်းအရာတစ်ခုကို.
အလုပ်ဖြစ်နိုင်မဲ့ဘက်ကို.ရှာကြံပြောတတ်တာက..
ဒီခေတ်မှာ..ပိုအဆင်ပြေတာပဲ...
ကျွန်တော်တို့နိုင်ငံမှာ.မှားတာမှန်တာ.အပထား..
စကားကို.ချက်နဲ့လက်နဲ့.ပြောတတ်.သုံးသပ်တတ်တဲ့.
လူတွေ.အများကြီးလိုတယ်..
ရန်ဖြစ်နေရုံနဲ့.ဘာမှ.ထူးမလာဘူးလေ..
ကျွန်တော်ထင်တယ်.အစိုးရအဖွဲ့က.တချို့လူကြီးတွေတောင်.
ဒီလောက်တွေးမှာ..မဟုတ်ဘူး.
ဒီစာတမ်းဖတ်ပွဲမှာလဲ.
ဖြစ်နိုင်ချေတွေကိုပဲ..ပြောကြတာ..
ဒီဘက်ခေတ်မှာ.ပထမဆုံးကြားဖူးတာပဲ..
ဟိုတုန်းကဆို..အမြဲညာနေကြတာပဲလေ..နော်..
 
 
+49 #14 NyanHtet 2011-12-19 19:47
တာဝန်ရှိသူတွေမလဲ ရန်ကုန်မြို့ကြီးကို ဟိုလို လုပ်လိုက်မယ်..ဒီလိုလုပ်လိုက်မယ်...ခုံးကျော်တံတားတွေဆောက်မယ်...ဒလဘက်ကို ဥမင်ဖောက်မယ် ကြိုးတံတားလုပ်မယ် ဆိုတာတွေဟာ လျှောက်ပြောနေရတာ...တကယ်တော့ အစိုးရမှာ
သူခန့်ထားတဲ့ ၀န်ကြီးတွေ ပေးစရာ လစာတောင် ရှိသေးလားမသိဘူး
နအဖခေတ်က ခုဝန်ကြီးတွေဘဲ စက်မှု ၁ ၂ သမ စက်ရုံတွေလုပ် အင်တွေထု လုပ်ခဲ့တာ ဘာတစ်ခုမှ အောင်မြင်လာတာမရှိဘူးလေ...
ခုဒီမိုကရေစီခေတ်ရောက်တော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်လုပ်ရ
တော့တာ....ဂက်စ်တွေလဲ အကုန်ရောင်းစားပီးဘီ..ကျောက်လဲ မကျန်တော့ဘူး...မြို့တော်ဝန်အသစ်ကိုလဲ အပြစ်မတင်ကြနဲ့အုံး
သူ့မလဲ ဦးအောင်သိန်းလင်းက အမှိုက်ပုံဘဲ ထားခဲ့သွားတာလေ။
ရန်ကုန်မြို့ကရသမျှ လမ်းတစ်ခြမ်းခင်းသွားတယ်..မရှင်းနိုင်တဲ့ငွေ
ကြေးက အများကြီး.....ကွန်မင့်ပေးသူတွေလဲ အစိုးရနှပ်ကြောင်း
ပေးတိုင်း ဘာလုပ်သင့်ပါတယ် ညာလုပ်သင့်ပါတယ် အကြံမပေး
လိုက်နဲ့...သူတို့ကိုယ်တိုင်က ငွေမရှိလို့ လုပ်စရာမရှိလို့ လျှောက်ရေးနေရတာ...တစ်ခုတော့ရှိပါတယ်။မြို့သစ်ချဲ့မယ်ဆိုပြီး
မြေကွက်ဖေါ်မယ်...အကွက်ရောင်းမယ်...အကိုကြီးညီလေးဆို
အကွက်တွေ ပေးမယ်...တို့ပြည်သူများ လယ်တွေအကုန်သိမ်းခံ
ရလို့ ထမင်းငတ်မယ်..
 
 
+27 #13 minminoo 2011-12-19 18:38
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ သေတဲ့သတင်း အခုထိမဖော်ပြသေးတာ တော်တော်နောက်ကျနေတယ်နော် EMG ပေးလိုက်ပါအုံးဗျာ အနုတ်တွေ ကျနော်ကို
 
 
+29 #12 aungzayya308 2011-12-19 18:13
အပြောကတော့ငသြဘဲဆိုတာလိုဘဲ
ဟိုတခါပြောတယ်မြောင်းတွေကိုRailing ထတ်မယ်တဲ့
နောက်လမ်းတွေပြင်မယ်တဲ့ ဂုံးကျော်တွေဆောက်မယ်တဲ့
တခါလာလဲမြို့ တွင်းခြောက်မြို့ နယ် နောက်တခါလဲမြို့ တွင်း
ခြောက်မြို့ နယ်
အခု ရှိနေတဲ့မြို့ သစ်တွေမှာလမ်းကိုလမ်းနဲ့ဆင်ဆင်တူအောင်လုပ်ပါ
အုံး ဘာတွေဘဲစိမံချက်တွေplan တွေပြောပြောလက်တွေမှာဘာမှ
ဖြစ်မလာလို့ ဒိလိုစည်ပင်ကသတင်းဆိုအပျင်းပြေဘဲဖတ်တော့
တယ်
 
 
+36 #11 မောင်စလုံး 2011-12-19 16:44
အင်း........နှစ် ၃၀ စီမံကိန်းဆိုတော့ ငါ့အသက် ၆၀ တောင် ရှိတော့မှာပါလား ဟရို့။
 
 
+32 #10 Hla Kyaw Nay 2011-12-19 16:02
Quoting goingcrazywaiting:
ပြီးတော့ စင်္ကာပူမှာလို အထပ်မြင့်အဆောက်အဦတွေများများ
ဆောက်ပေးသင့်ပါတယ်။
လျှပ်စစ်မီးလည်း မှန်ဖို့လိုတယ်။ နောင်ဆောက်မယ့် အဆောက်အဦးတွေတိုင်းကို အထပ်မည်မျှပါလျှင် ဓာတ်လှေကားတပ်ရမည့် စည်းမျဉ်းချမှတ်ဖို့လိုတယ်။

Quoting goingcrazywaiting:
အစိုးရ ဘာတွေလုပ်မယ်ဆိုတာ ခင်ဗျားတို့ ကိုအသိပေးဖို့ မလို
ဘူးလေ။ခင်ဗျားတို့ က ဘာတွေမို့ လို့ လဲ။ဟားဟား အမေရိကန်
သနားပြီး ကူညီပေးမှ တိုးတက်ရမယ့် နိုင်ငံမဟုတ်ဘူးဆိုတာ
မှတ်ထားလိုက်ပါ။
အစိုးရက အသိပေးဖို့မလိုလေ ကြိုက်လေပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဘာများသိခဲ့ရလို့လဲ။ ကောလဟာလတွေပါ မယုံကြပါနဲ့ ဆိုပြီး နေပြည်တော်ကြီး ဟုတ်ကနဲ ပေါ်လာလိုက်တာ နတ်ဆောက်တဲ့မြို့လိုပဲ။ ခုတော့ အဲ့ဒီအကြွေးတွေ ကျုပ်တို့ဝိုင်းဖို့ကြတာပေါ့ဗျာ။ ရန်ကုန်မြို့ကြီးပြင်ဖို့ သိပ်ဆင်းရဲတယ်မဟုတ်လား။ အဟားဟား။ ခုတော့ အစိုးရလည်း အသိပေးလာပါပြီ။ အားလုံးဆွေးနွေးပြီး ချိတ်ပြီး ပြင်ပြီး ရယ်ဒီဆိုတာနဲ့ အသိပေးပြီးသား ဘယ်လောက်တော်တဲ့အစိုးရလဲ။ ဂုဏ်ယူစမ်းပါ။

ပြီးတော့ ဒီလို goingcrazywaiting လိုကောမန့်မျိုးရေးတတ်တဲ့လူမျိုးတွေကို အများကြီးမွေးထုတ်ပေးထားနိုင်တာ ထပ်ပြီး ဂုဏ်ယူလိုက်စမ်းပါ။
 
 
+26 #9 oonayoo 2011-12-19 15:33
comment တွေရေးဖို့ သိပ်တောင် စိတ်မပါတော့ဘူး။
စီးပွားရေးလမ်းကြောင်းတွေ ဖွင့်ပေးမယ်၊ တံတားတွေ ဆောက်ပေးမယ် ဆိုပြီး သတင်းတွေ ထွက်လာတော့ လက်ခုပ်တီးသြဘာပေးပြီး ပျော်ရွှင်သွားရတယ်၊ နောက်ရက်ကျရင် မီတာခတက်မယ်၊ ကုန်ဈေးနှုန်းတွေတက်တယ်၊ ဆိုတဲ့ သတင်းတွေကလာပြန်ရော။
အကောင်းအဆိုးဒွန်တွဲနေမှာတော့ လက်ခံပါတယ်။ ၀င်ငွေထွက်ငွေမမျှတာတွေ အစိုးရဈေးနှုန်း (မီတာခ) လိုမျိုးတွေက ၂ဆမတက်သင့်ပါဘူး။
နိုင်ငံခြားက ပို့တဲ့ ပိုက်ဆံနဲ့ ရပ်တည်နေရတဲ့မိသားစုတွေဆိုရင်လဲ ငွေဈေးကြောင့် ၀င်ငွေနည်းသွားတဲ့ အပြင် ကုန်ဈေးနှုန်းက အဆမတန်တက်လာတွေက . . . . .
 
 
+78 #8 freedomfighter 2011-12-19 13:55
ရန်ကုန်မြို့က လက်ရှိအခြေအနေအရ ချဲ့ဖို့ လိုအပ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ လက်ရှိရန်ကုန်မြို့ကြီးက မြို့တွင်း ၆ မြို့နယ်ကလွဲရင် ကျန်တာတွေက သိပ်စနစ်တကျ ရှိခဲ့တာမဟုတ်ဘူး။ ဒါကြီးတစ်ခုလုံးကို ပြန်ပြင်ပြီး မဆောက်စေချင်ဘဲ မြို့သစ်တစ်ခုဆောက်ပြီး လူဦးရေ Balance ဖြစ်အောင်လုပ်စေချင်ပါတယ်။ လက်ရှိရန်ကုန်မြို့ကို မြို့ဟောင်းအနေနဲ့ ထားခဲ့ပြီး အကြီးစားပြင်ဆင်မှုတွေမလုပ်တော့ပဲ ပုံမှန် ပြုပြင်ထိမ်သိမ်းမှုကိုသာ လုပ်သွားစေချင်ပါတယ်။ ရန်ကုန်မြို့ဟောင်းကို ရန်ကုန်တိုင်းအစိုးရ ရုံးစိုက်ရာမြို့ Management City နဲ့ Garden City အဖြစ် ပြောင်းလဲသင့်တယ်ထင်ပါတယ်။

ရန်ကုန်မြို့ကို ချဲ့မယ်ဆိုရင် သန်လျှင်၊ ကျောက်တန်းနဲ့ သီလ၀ါ ဖိုခနောက်ဆိုင် ဧရိယာမှာ Business City တစ်ခု တည်စေချင်ပါတယ်။ အဲ့ဒီမှာ ကျိုက်ခေါက်ဘုရာနဲ့ အောင်ချမ်းသာ ၀န်းကျင်ကို မြို့လယ် Center ချပြီး တည်သင့်တယ်လို့ထင်ပါတယ်။ ရန်ကုန်မြို့ကို စင်ကာပူလို မလုပ်ပဲ မြန်မာနိုင်ငံရဲ့ အဓိက ရေနက်ဆိပ်ကမ်းရှိတဲ့
ဒီ သန်လျှင် ကျောက်တန်းနဲ့ သီလ၀ါ ဖိုခနောက်ဆိုင် ဧရိယာမှာ ဆောက်စေချင်ပါတယ်။ ခရမ်း ဘက်ကို ပဲခူးပြတ်ရွေ့ကြောကြောင့် လူနေထူထပ်မှုကို ရှောင်သင့်ပါတယ်။ အပြည်ပြည်ဆိုင်ရာလေဆိပ်အတွက် ဆောက်လက်စ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို သုံးလို့ရပါတယ်။ ဒီဖိုခနောက်ဆိုင်ဒေသက ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ တောင်ဖက် (အောက်ဖက်) မှာရှိပြီး Express Way ရှိရင် ခဏလေးနဲ့ ရောက်နိုင်ပါတယ်။ ဒါက Business City ပါ။ ပုံစံအားဖြင့် ရေနက်ဆိပ်ကမ်းရှိတဲ့ New York နဲ့ Singapore လိုဖြစ်အောင် လုပ်စေချင်ပါတယ်။

သန်လျှင် ကျောက်တန်းနဲ့ သီလ၀ါ ဖိုခနောက်ဆိုင် ဧရိယာမှာ စီပွားရေနဲ့ ရေနက်ဆိပ်ကမ်းမြိုတော် ဆောက်ရင်ဒီမြို့ကြီး ပီပြင်လာအောင် စက်မှုဇုန်တွေရှိဖို့ လိုပါတယ်။ ဒီဒေသက ဒဂုံ စက်မှု ဇုံရဲ့ အအောက်တည့်တည့် မှာရှိတော့ ဒဂုံစက်မှုဇုံကို ပိုပြီ အဆင့်မြင့်သွားသင့်ပါတယ်။ နောက်ထပ် စက်မှုဇုန်သစ်ကို ခုနက ရှောင်ထားတဲ့ ခရမ်းမြို့ ၀န်းကျင် ဆောက်လို့ရပါတယ်။ ခရမ်း သုံးခွရဲ့ အထက်မှာ ပဲခူးမြို့ရှိတော့ မြန်မာပြည်အထက်ပိုင်းနဲ့ တိုက်ရိုက်ချိတ်ဆက်လို့ရပါတယ်။ ဒီစက်မှုဇုန်တွေက ထွက်လာတာကို အထက်မြန်မာပြည်နဲ့ သီလ၀ါ ရေနက်ဆိပ်ကမ်ကနေ Export တိုက်ရိုက်လုပ်နိုင်ပါတယ်။ ဒီနေရမှာ Industrial City ဆောက်သင့်တယ်လို့ထင်ပါတယ်။

ဒီနေရမှာ သူဌေးကြီးများနေဖို့ Garden City ကြီးတွေ ရှိဖို့လိုပါတယ်။ Gardern City မှာတော့ အထပ်မြင့်တိုက်တွေမရှိဘဲ ခြံဝန်းကျယ်ကြီးတွေ၊ ဂေါက်ကွင်းတွေ ဒါတွေပဲ ရှိပါလိမ့်မယ်။ သာမာန် လူတွေနေဖို့ စင်ကာပူက HDB လိုအဆောက်အဦးတွေပဲ ရှိပါလိမ့်မယ်။ ပထမ ကျွန်တော်သဘောကျတာက သာကေတ ဧရိယာပါ။ နယူယောက်မှာဆို မက်ဟက်တန်ပေါ့။ ဒါပေမယ့် သာကေတမှာ လူနေအိမ်တွေ ရှိပြီးဆိုတော့ လုပ်လို့မရတော့ပါဘူး။ ဒီတော့ ရွေးစရာ တစ်ခုပဲရှတော့တယ်။ အဲ့ဒီနေရာ ရန်ကုန်မြို နဲ့ ရန်ကုန်မြို့သစ်ရဲ့ တစ်ဖက်ကမ်း ဒလကနေ လက်ခုပ်ကုန်းကမ်းခြေအထိ ဧရိယာ အကျယ်ကြီးကို ယူချလိုက်လို့ရပါတယ်။ အဲ့ဒီနေရမှာက လူနေအိပ်ခြေတွေပဲ ရှိပြီး နေ့စဉ်နေ့တိုင်း ရန်ကုန်မြို့ဟောင်းနဲ့ ရန်ကုန်မြို့သစ်ကို ပုံမှန် အလုပ်သွားလုပ်မယ့် သူတွေ နေမယ့် နေရာ အဖြစ် ထားလို့ရပါတယ်။

ဒီနေရာမှ ဧရာဝတီတိုင်းနဲ့ ပဲခူးရိုးမ အနောက်ဖက်ခြမ်းဒေသပါ။ ဒီဒေသရဲ့ ဖွံ့ဖြိုးမှုနဲ့ ပင်လယ်ထွက်ပေါက်ကို အရင်တုန်းက သုံးခဲ့တဲ့ ပုသိမ် ရေနက်ဆိပ်ကမ်းကို ပြန်ပြီး သုံလို့ ရကောင်းရနိုင်ပါတယ်။ ပုသိမ်ရေနက်ဆိပ်ကမ်းကသာ ကောင်းကောင်းအလုပ်လုပ်ရင် ရန်ကုန်မြို့ အနောက်ဖက်ခြမ်းကို ခဏမေ့ထားလို့ရပါတယ်။

အင်း ... စိတ်ကူးထဲမှာတော့ သူဟာနဲ့သူ ဟုတ်နေတာပဲ။ :D
 
 
+10 #7 naing26 2011-12-18 22:04
No plan is perfect plan.
but we should learn from Myitsone project.
not just what we will gain but what we lost as well.

Electricity could be the key for City plan. If there is sufficient electricity, higher building will be more attractive for developer and consumer. High-rise building could be the answer for many issues including growing population....
- lesser transportation time?
- shorter energy (water/electricity) distribution?
- easier waste management?
- more green space?
- .........
Whatever the plan is, public hope is that the city plan is a plan without bribery.
 
 
-160 #6 goingcrazywaiting 2011-12-18 21:46
Quoting webmonkey:
အမှန်တော့ ချဲ.ထွင်စရာမလိုသေးပါဘူး။ အခုရာထားပြီးသားနေရာတွေကို လူနေအောင် အရင်လုပ်ပေးပါဦး။ အရှေ.ဒဂုံတို. တောင်ဒဂုံတို.။
လူရှိပြီးသားနေရာတွေမှာ မီးပုံမှန်ရအောင် ၊ ရေပုံမှန်ရအောင် စီမံပါဦး ။ မြို.သစ်တွေမှာ နေရတဲ့သူတွေအတွက် အလုပ်အကိုင်အခွင့်အလန်းဖန်တီးပေးပါဦး။ မြို.ထဲမှာပဲ ရှိနေတဲ့အလုပ်အကိုင်တွေဆီ သွားရေးလာရေး လွယ်ကူအောင်စီမံပေးပါဦး။ တကယ်လို.ချဲ.ထွင်မယ်ဆိုလည်း မြို.ပြအင်္ဂါရပ်နဲ.ညီအောင် လုပ်ပေးပါဦး။ ရထားလမ်းတို.၊ ပန်းခြံတို.။ ရန်ကုန်မှာ အခမဲ့ဝင်ပြီး အပန်းဖြေစရာ နေရာတစ်ခုလောက်စီမံပေးပါဦး။ တစ်ခုခုပြောင်းလဲမယ်ဆိုလည်း အားလုံးကို တပြေးညီပေးသိပါဦး။ အဲသလိုမှ မဟုတ်ရင် အခုခေတ်က ပါမစ်ခေတ်နှောင်းပိုင်းပဲ ဖြစ်နေဦးမှာပဲ။


အစိုးရ ဘာတွေလုပ်မယ်ဆိုတာ ခင်ဗျားတို့ ကိုအသိပေးဖို့ မလို
ဘူးလေ။ခင်ဗျားတို့ က ဘာတွေမို့ လို့ လဲ။ဟားဟား အမေရိကန်
သနားပြီး ကူညီပေးမှ တိုးတက်ရမယ့် နိုင်ငံမဟုတ်ဘူးဆိုတာ
မှတ်ထားလိုက်ပါ။
 
 
+98 #5 webmonkey 2011-12-18 20:48
အမှန်တော့ ချဲ.ထွင်စရာမလိုသေးပါဘူး။ အခုရာထားပြီးသားနေရာတွေကို လူနေအောင် အရင်လုပ်ပေးပါဦး။ အရှေ.ဒဂုံတို. တောင်ဒဂုံတို.။
လူရှိပြီးသားနေရာတွေမှာ မီးပုံမှန်ရအောင် ၊ ရေပုံမှန်ရအောင် စီမံပါဦး ။ မြို.သစ်တွေမှာ နေရတဲ့သူတွေအတွက် အလုပ်အကိုင်အခွင့်အလန်းဖန်တီးပေးပါဦး။ မြို.ထဲမှာပဲ ရှိနေတဲ့အလုပ်အကိုင်တွေဆီ သွားရေးလာရေး လွယ်ကူအောင်စီမံပေးပါဦး။ တကယ်လို.ချဲ.ထွင်မယ်ဆိုလည်း မြို.ပြအင်္ဂါရပ်နဲ.ညီအောင် လုပ်ပေးပါဦး။ ရထားလမ်းတို.၊ ပန်းခြံတို.။ ရန်ကုန်မှာ အခမဲ့ဝင်ပြီး အပန်းဖြေစရာ နေရာတစ်ခုလောက်စီမံပေးပါဦး။ တစ်ခုခုပြောင်းလဲမယ်ဆိုလည်း အားလုံးကို တပြေးညီပေးသိပါဦး။ အဲသလိုမှ မဟုတ်ရင် အခုခေတ်က ပါမစ်ခေတ်နှောင်းပိုင်းပဲ ဖြစ်နေဦးမှာပဲ။
 
 
+22 #4 goingcrazywaiting 2011-12-18 20:29
ရန်ကုန်မြို့ ကြီးကို လူဦးရေကြောင့် တိုးချဲ့မယ်ဆိုရင်တော့ သန်လျင်
ဘက်ကိုပါ ရန်ကုန်မြို့ အဖြစ်ပြောင်းလဲပစ်လိုက်ဖို့ အကြံပေးချင်ပါ
တယ်။ပြီးတော့ စင်္ကာပူမှာလို အထပ်မြင့်အဆောက်အဦတွေများများ
ဆောက်ပေးသင့်ပါတယ်။
 
 
+54 #3 ziwaka 2011-12-18 15:36
ဟုတ်ပါ တယ် တောင်ဒဂုံ ဆိပ်ကမ်း ကအကွက်တွေဆို ၇င် ၇ပ်ကွက်အဖြစ်တောင်မပီပြင်သေးပါဘူး လူလည်းသိပ်မနေပါ ဘူး မီးတောင်မ၇သေးပါ ဘူး လွန်ခဲ့ သော 8 9 လခန့်က 4 5 သိန်းတန်တဲ့  အကွက်တွေက အခုဆို 50 .60 ဖြစ်နေပါ ပြီ ဈေးကစားတဲ့ အကျိုးဆက်တွေပေါ့  စီးပွားေ၇းသမားတွေက ၀ယ်လိုက်ေ၇ာင်းလိုက်လုပ်၇င်းနဲ့  တဖြည်းဖြည်းဈေးတွေကတက်လာတာပါ ပွဲစားတွေကလည်းသတင်းအမျိုးမျိုး လွှင့် ပြီး လုပ်စားကြပါတယ် အ၇င်ကကားမမြင်၇တဲ့နေ၇ာ မှာအခုဆိုေ၇ာင်းသူတွေ ၀ယ်သူတွေ ပွဲစားတွေနဲ့  ၇ှုပ်နေပါတယ် တ၇ုတ်တွေပို များပါတယ် မြေဈေးတွေကတော့ သာမန်လက်လုပ်လက်စားတွေ အတွက်လက်လှမ်းမမှီတော့ ပါ ဘူး အဲ့နေ၇ာမျူိးတွေမှာတက်တဲ့ အတွက်အနီးနားကစည်ပြီးသား၇ပ်ကွက်တွေမှာပါ လိုက်ပြီးတော့ ဈေးတွေတက်ပါတယ်
 
 
+79 #2 webmonkey 2011-12-18 12:54
လူနေကျဲတဲ့ နေရာတွေကို ထူထပ်ဖို. လူနေဖို. ဆိုရင် လူနေထိုင်နိုင်တဲ့ အခြေအနေဖြစ်အောင် အရင်ဆောင်ရွက်ပေးသင့်ပါတယ်။ အခု အစိုးရက ၀ယ်/ရောင်းတွေ ကိုမထိန်းကျောင်းနိုင်တော့ တောင်ဒဂုံလို အရှေ.ဒဂုံလို နေရာမျိုးတွေမှာ မြေပုံထဲမှာပဲ ရှိသေးတဲ့ ပါမစ် မြေနေရာတွေကို သိန်း ၆၀ ၊ ၇၀ နဲ.ရောင်းနေကြ ၊ ၀ယ်နေကြတော့ မြေဈေးတွေအဆမတန် တက်သွားပါတယ်။ ဒီနေရာက ဘာလမ်းမကြီး ၊ ဒီနေရာက စည်ပင်ရုံး ၊ ဒီနေရာက ဆေးရုံနဲ. လယ်ကွင်းကြီး လက်ညှိုးထိုးရောင်းကြ ၀ယ်ကြ ပါ။ အကျိုးသက်ရောက်မှုကတော့ အခြေချ နေထိုင်သူတွေ လက်ထဲမှာ ဘာမှမရှိပဲနဲ. ၀ယ်ရောင်းတွေ ရင်းနှီးမြုတ်နှံသူတွေဆီမှာပဲ ရှိတဲ့အတွက် အတော်လေး စည်ကားလာဖို.ဆိုတာ မဖြစ်နိုင်သေးပါ။
 
 
+180 #1 NyanHtet 2011-12-18 12:16
ရန်ကုန်ကို ချဲ့ထွင်တာတော့ တပိုင်းစဉ်းစားဗျာ....လောလောဆယ်
ရန်ကုန်မြို့တော်ခမ်းမ ဆူးလေ ဘူတာကြီး အဓိက ၃ မြို့နယ်လောက်
ကို မြို့နဲ့ တူအောင် ကြိုးစားပေးကြပါဗျာ.....
အာဆီယံ ဥက္ကဌ ရာထူးယူထားတယ်...အာဆီယံ နိုင်ငံတွေ လာတော့
မယ်...ဘာပြောပြော သူတို့ တိုင်းပြည်တွေနဲ့ နှိုင်းယှဉ်တော့မယ်...
စာနယ်ဇင်းတွေ ရုပ်သံတွေ အင်တာနက် တွေမှာ တင်တော့မယ်.....
ဟိုနေရာကြည့်လိုက် ခို တစ်အုပ်...ခွေးတစ်အုပ်...ကျီးကန်း....စာလေး
စုတ်ပြတ် ညစ်ပတ်နေတာချည်းပါ...
တာဝန်ယူနိုင်သလောက်ကို ပီပီပြင်ပြင် လုပ်ပြစမ်းပါ....
ရန်ကုန်မြို့ကြီးကို တကယ် တိုးချဲ့ မြို့နဲ့တူအောင်လုပ်ဘို့ဆိုတာ
ဓန ဥစ္စာ တောင့်ရမယ်...အုပ်ချုပ်သူ အကျင့်ပျက် လာဘ်စားမှု
ကင်းရမယ်...လူဦးရေ တိုးပွားမှု စည်းကမ်းမရှိမှု လျှပ်စစ် ရေသန့်..
မိလ္လာနဲ့ ရေ ဆိုးစံနစ်...ကျယ်ပြန့်လွန်းပါတယ်...
တိုးချဲ့မြို့တွေကြည့်ပါ...ဒေါပုံ သာကေတ တောင်မြောက်ဒဂုံ
အိမ်သာစံနစ်ကို ကြည့်လိုက်ပါ...
တကယ်တော့ ရန်ကုန်မြို့ဟာ အင်္ဂလိပ် ရေဆိုးထုတ်စံနစ် မိလ္လာ
စံနစ် ကို Function ဖြစ်အောင် မလုပ်နိုင်ပါဘူး....
ဗိုလ်မြတ်ထွန်းလမ်းက ယခင်ရေဆိုးထုတ် ကန်ကို ရောင်းစားလိုက်
လို့ ဗိုလ်တစ်ထောင် တကြော ရေမထွက်နိုင်ဘူး...
မြို့တွင်း ၃ မြို့နယ်လောက်တော့ စံပြ အနေနဲ့ လုပ်ပြသင့်ပါတယ်။။