(Go: >> BACK << -|- >> HOME <<)

မာတိကာသို့ ခုန်သွားရန်

ယွန်းဆော့ယော

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ယွန်းဆော့ယော
Yoon Suk-yeol
윤석열
尹錫悅
ကိုရီးယားသမ္မတနိုင်ငံ၏ ၁၃ယောက်မြောက် သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ မေ ၂၀၂၂
ယခင်လူမွန်းဂျယ်အင်း
တောင်ကိုရီးယားနိုင်ငံ၏ စုံစမ်းရေးမှူးချုပ်
တာဝန်သက်တမ်း
၂၅ ဇူလိုင် ၂၀၁၉ – ၄ မတ် ၂၀၂၁
သမ္မတမွန်းဂျယ်အင်း
ယခင်လူMoon Moo-il
ဆက်ခံသူCho Nam-kwan (ယာယီ)
Kim Oh-soo
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1960-12-18) ဒီဇင်ဘာ ၁၈၊ ၁၉၆၀ (အသက် ၆၃)
ဆိုးလ်မြို့တောင်ကိုရီးယားနိုင်ငံ
နိုင်ငံရေးပါတီပြည်သူအာဏာပါတီ (၂၀၂၁ - လက်ရှိ)
ကြင်ဖော်(များ)ကင်မ်ကွန်ဟီး
ပညာရေးဆိုးလ်အမျိုးသားတက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား
ကျွမ်းကျင်မှုရှေ့နေ၊ စုံစမ်းရေးမှူး
လက်မှတ်

ယွန်းဆော့ယော (အင်္ဂလိပ်: Yoon Suk-yeolကိုရီးယား: 윤석열 ယူန်ဆောဂ်ယောလ်)သည် ကိုရီးယားသမ္မတနိုင်ငံ၏ (၁၃)​ယောက်​​မြောက် နိုင်ငံတော်သမ္မတ ဖြစ်သည်။[၁] သူသည် စုံစမ်းရေးမှူး (အစိုးရရှေ့နေ) တစ်ဦးဖြစ်ကာ ယခင်သမ္မတ မွန်းဂျယ်အင်း လက်ထက်တွင် တောင်ကိုရီးယားနိုင်ငံ၏ (၄၃)ယောက်မြောက် စုံစမ်း​ရေးမှူးချုပ် (ရှေ့နေချုပ်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

သူသည် သမ္မတ​ဟောင်း လီ​မြောင်ဘာ့ဘတ်ဂွန်းဟဲတို့နှင့် နိုင်ငံ​ရေးအရှုပ်​တော်ပုံများကို စစ်​ဆေးတရားစွဲခဲ့ရာမှ နာမည်​ကျော်ကြားလာခဲ့သည်။ သူသည် စုံစမ်း​ရေးမှူးအ​နေဖြင့် နှစ်​​ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး နိုင်ငံ​ရေးအ​တွေ့အကြုံ မရှိ​ပေ။[၂]၂၀၂၁ခုနှစ် မတ်လတွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဇွန်လတွင် သူ့အနေဖြင့် လာမည့် ၂၀၂၂ တောင်ကိုရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သူသည် ဂင်ယောင်ဆမ် ပြီးနောက် ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ဘွဲ့ရခဲ့သည့် ဒုတိယမြောက် သမ္မတဖြစ်သည်။ သူသည် အမှုစစ်အဖြစ် (၂၇)နှစ်ကြာ လုပ်ကိုင်ခဲ့သည်။ ၂၀၂၂ရွေးကောက်ပွဲတွင် ပြည်သူ့စွမ်းအားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ၄၈.၅၆% ဖြင့် အနိုင်ရခဲ့သည်။ အဓိကပြိုင်ဘက် လီဂျယ်မြောင်အား ဝ.၇၃% အသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အစောပိုင်းဘဝနှင့် ပညာရေး

ယွန်းဆော့ယောအား ၁၉၆၀ပြည့်နှစ်တွင် ဆိုးလ်မြို့၌ မွေးဖွားခဲ့သည်။ Daegwang မူလတန်းကျောင်း၊ Joongrang အလယ်တန်းကျောင်း၊ Choongam အလယ်တန်းကျောင်း၊ Choongam အထက်တန်းကျောင်းများတွင် ပညာသင်ခဲ့သည်။ ထို့နောက် ဆိုးလ်အမျိုးသားတက္ကသိုလ်တွင် ဥပဒေပညာသင်ကြားခဲ့သည်။

အလုပ်အကိုင်

သူသည် ၁၉၉၄ခုနှစ်တွင် ဒယ်ဂူ စုံစမ်းရေးမှူးရုံး၌ အလုပ်ဝင်ခဲ့သည်။ သူသည် ထိုရုံးတွင် အကျင့်ပျက်ခြစားမှုနှင့်ပက်သက်သော အမှုများကို ကိုင်တွယ်သည့်ဌာနများတွင် ဦးဆောင်ခဲ့သည်။ ၁၉၉၉ခုနှစ်တွင် ယွန်းဆော့ယောသည် ဂင်ဒယ်ဂျွန် အစိုးရအဖွဲ့မှ ဗျူရိုကရက်များ၏ အပြင်းအထန်ကန့်ကွက်မှုကြားမှ လက်ထောက်ကော်မရှင်နာ Park Hui-won ကို လာဘ်စားမှုတွင် ပါဝင်ပက်သက်မှုဖြင့် ဖမ်းဆီးခဲ့သည်။

၂၀၀၂ခုနှစ် ဇန်နဝါရီလတွင် သူသည် အစိုးရစုံစမ်းရေးမှူးအဖြစ်မှ ပြင်ပရှေ့နေအဖြစ် ခဏတာ လုပ်ကိုင်ခဲ့သေးသည်။ သို့သော် ထိုအလုပ်သည် သူနှင့်မကိုက်ညီသဖြင့် အစိုးရစုံစမ်းရေးမှူးအဖြစ် ပြန်လည်လုပ်ကိုင်ခဲ့သည်။ သူသည် စုံစမ်းရေးမှူးအနေဖြင့် နိုင်ငံရေးလောကမှ ထင်ရှားသူများ၊ ၎င်းတို့နှင့် ဆက်စပ်နေသည့်အမှုများကို စစ်ဆေးခဲ့သည်။

၂၀၁၃ခုနှစ်တွင် ယွန်းဆော့ယောသည် တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးဌာန (NIS) ၏ အရှုပ်တော်ပုံများကို စုံစမ်းစစ်ဆေးခဲ့သည်။ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဝန်ဆိုင်ဟွန်နှင့် သူ၏လူများသည် ထိုစဉ်က အာဏာရအစိုးရ မျက်နှာသာရစေရန် လူအချို့အား ငွေပေး၍ လူမှုကွန်ယက်မှတဆင့် ကောင်းသတင်းများကို ရေးသားစေခဲ့သည်။ ၂၀၁၂ ရွေးကောက်ပွဲတွင်လည်း နောက်ကွယ်မှ ဝင်ရောက်စွက်ဖက်ခဲ့သည်။ ဝန်ဆိုင်ဟွန်သည် ၂၀၂၀ပြည့်နှစ်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။[၃] ယွန်းဆော့ယောက ၎င်း၏စုံစမ်းစစ်ဆေးမှုများကို ၎င်း၏အထက်ဝန်ကြီးဖြစ်သော တရားရေးဝန်ကြီး ဟွမ်ဂယိုအန်း က ဝင်ရောက်စွက်ဖက်သည်ဟုလည်း စွပ်စွဲခဲ့သည်။ ရလဒ်အနေဖြင့် သူ့အား ဆိုးလ်စုံစမ်းရေးရုံးမှ ပြောင်းရွှေ့ခဲ့သည်။

နောက်ပိုင်းတွင် ယွန်းဆော့ယောသည် ထိုစဉ်က သမ္မတ ဘတ်ဂွန်းဟဲကို စွပ်စွဲပြစ်တင်၍ ဖြုတ်ချခြင်းခံခဲ့ရသည့် အခြေအနေထိရောက်ရှိစေနိုင်သော ၂၀၁၆ တောင်ကိုရီးယားနိုင်ငံရေးအရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးသော အဖွဲ့၏ အကြီးအကဲဖြစ်လာခဲ့သည်။ ထိုစစ်ဆေးမှုတွင် သမ္မတဘတ်ဂွန်းဟဲကိုအကြောင်းပြု၍ လာဘ်စားမှုများ၊ နိုင်ငံရေးစွက်ဖက်မှုများ ပြုလုပ်ခဲ့သည့် သမ္မတ၏မိတ်ဆွေ ချွဲစွန်စီ၊ ဆမ်ဆောင်းကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ လီဂျယ်ယောင်း၊ သမ္မတ ဘတ်ဂွန်းဟဲတို့ ပါဝင်ခဲ့သည်။

၂၀၁၇ခုနှစ် မေလ (၁၇)ရက်နေ့တွင် သမ္မတအသစ် မွန်းဂျယ်အင်းက ယွန်းဆော့ယောကို ဆိုးလ်ဗဟိုခရိုင် စုံစမ်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ၎င်း၏လက်ထက်တွင် သမ္မတဟောင်းများဖြစ်ကြသည့် လီမြောင်ဘာ့၊ ဘတ်ဂွန်းဟဲ၊ အမျိုးသားထောက်လှမ်းရေးအကြီးအကဲဟောင်း (၃)ဦး၊ နိုင်ငံတော်တရားသူကြီးချုပ် ယန်းစွန်းထယ် တို့အပါအဝင် အရာရှိပေါင်း (၁၀၀)ကျော်ကို တရားစွဲဆိုနိုင်ခဲ့သည်။ ထို့အပြင် ဆမ်ဆောင်းကုမ္ပဏီ၏ စာရင်းအင်းလိမ်လည်မှုများကိုလည်း စစ်ဆေးခဲ့သည်။

စုံစမ်းရေးမှူးချုပ်

၂၀၁၉ခုနှစ် ဇွန်လ ၁၇ရက်နေ့တွင် ယွန်းဆော့ယောအား ကိုရီးယားနိုင်ငံ၏ စုံစမ်းရေးမှူးချုပ်အဖြစ် အဆိုပြုခဲ့သည်။ ၎င်းအားအဆိုပြုခြင်းကို အာဏာရပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့က ကြိုဆိုခဲ့ပြီး သမ္မတဟောင်း လီမြောင်ဘာ့နှင့် ဘတ်ဂွန်းဟဲတို့၏ ပါတီဖြစ်သော လစ်ဘာတီကိုရီးယားပါတီနှင့် Bareunmiraeပါတီတို့က ဆန့်ကျင်ခဲ့သည်။ ပါတီအငယ်ဖြစ်သော တရားမျှတမှုပါတီကမူ ကြားနေခဲ့သည်။ ဇူလိုင် (၁၆)ရက်နေ့တွင် သူ့အား စုံစမ်းရေးမှူးချုပ်အဖြစ် တရားဝင်ခန့်အပ်ခဲ့ပြီး (၂၅)ရက်နေ့မှစ၍ တာဝန်စတင်ထမ်းဆောင်ခဲ့သည်။ သမ္မတ မွန်းဂျယ်အင်းက သူ့အား မည်သည့်အကျင့်ပျက်ခြစားမှုမဆို အစိုးရနှင့်ဆက်နွှယ်နေပါစေ တင်းကြပ်စွာ စစ်ဆေးနိုင်ကြောင်း အမိန့်ပေးခဲ့သည်။

အရှုပ်တော်ပုံများတွင် ပါဝင်ပက်သက်ပြီး ၂၀၁၉ခုနှစ်တွင် တရားရေးဝန်ကြီးဖြစ်လာသော ချိုကွတ်အား တရားစွဲဆိုရန် စုံစမ်းရေးမှူးများက ဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်ကို အတိုက်အခံများက ကြိုဆိုခဲ့ကာ အာဏာရဒီမိုကရက်တစ်ပါတီနှင့် မဟာမိတ်များက ရှုတ်ချခဲ့သည်။ တရားရေးဝန်ကြီးချိုမှာ ဝန်ကြီးဖြစ်ပြီး တစ်လအကြာတွင်ပင် ရာထူးမှနုတ်ထွက်ခဲ့ရသည်။[၄]

ချိုကွတ်၏နေရာတွင် ချူးမီအဲအား ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ၎င်းဝန်ကြီးဖြစ်လာသောအခါ ၎င်းတောင်းဆိုထားသော ဌာနတွင်းပြန်လည်ဖွဲ့စည်းခြင်းကို ပေးအပ်ရန်ပျက်ကွက်ခဲ့သည်ဟုဆိုကာ ယွန်းဆော့ယောနှင့်နီးစပ်သော စုံစမ်းရေးမှူးအများအပြားကို အရေးယူခဲ့သည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် ဝန်ကြီးဟောင်းချိုကွတ်အား တရားစွဲမှုအတွက် အိမ်ပြာတော်၏ တုံ့ပြန်မှုဟု ယူဆခဲ့ကြသည်။ ၂၀၂၀ပြည့်နှစ် ဧပြီလတွင် ဒီမိုကရက်တစ်ပါတီအမတ်များက အခြားကိစ္စရပ်များကြောင့် ယွန်းဆော့ယောအား နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ရာထူးမှ ရပ်ဆိုင်းခံရခြင်း၊ ပြန်လည်ခန့်အပ်ခြင်း၊ နုတ်ထွက်ခြင်း

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၂၄ရက်နေ့တွင် တရားရေးဝန်ကြီး ချူးမီအဲက ယွန်းဆော့ယောသည် ကျင့်ဝတ်မညီခြင်း၊ အာဏာအလွဲသုံးစားလုပ်ခြင်း၊ သူနှင့်နီးစပ်သူများနှင့် မိသားစုဝင်များကို စစ်ဆေးရာတွင် ပါဝင်စွက်ဖက်ခြင်းတို့ကြောင့်ဟုဆိုကာ ရာထူးမှဆိုင်းငံ့ခဲ့သည်။ ယွန်းဆော့ယောက ၎င်း၏ဆိုင်းငံ့မှုကို ကန့်ကွက်သည့်အနေဖြင့် ဆိုးလ်အုပ်ချုပ်မှုဆိုင်ရာ တရားရုံးသို့ ဒီဇင်ဘာ (၁)ရက်နေ့တွင် တင်ပြခဲ့ရာ တရားရုံးက လက်ခံခဲ့သည်။ ဒီဇင်ဘာ (၁၆)ရက်နေ့တွင် တရားရေးဝန်ကြီးဌာနက ယွန်းဆော့ယောအား ပြစ်မှု (၆)ခုမှ (၄)ခုသည် ထင်ရှားသဖြင့် ၎င်း၏ရာထူးမှ (၂)လကြာ ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို သမ္မတ မွန်းဂျယ်အင်းက အတည်ပြုခဲ့သည်။ သို့သော် ဒီဇင်ဘာ (၂၄)ရက်နေ့တွင် တရားရုံးက ဤကိစ္စ၌ ယွန်းဆော့ယောအတွက် တရားမျှတမှုမရှိဟုဆိုကာ ဆိုင်းငံ့ခြင်းကို ပယ်ဖျက်ခဲ့သည်။ ထို့ကြောင့် (၂၅)ရက်နေ့မှစ၍ စုံစမ်းရေးမှူးချုပ် တာဝန်များကို ပြန်လည်ထမ်းဆောင်ခဲ့သည်။[၅][၆][၇]

၂၀၂၁ခုနှစ် မတ်လ (၄)ရက်နေ့တွင် ယွန်းဆော့​ယောသည် စုံစမ်းရေးမှူးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ရာ သမ္မတ မွန်းဂျယ်အင်းက လက်ခံခဲ့သည်။[၈]

သမ္မတ​ရွေး​ကောက်ပွဲ

တရားရေးဝန်ကြီး ချို၏ အရှုပ်တော်ပုံပြီးနောက် ယွန်းဆော့ယောအား အလားအလာရှိသော သမ္မတလောင်းအဖြစ် သတ်မှတ်ခဲ့ကြပြီး ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလကတည်းကပင် စစ်တမ်းများ၌ ထင်ရှားသော ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ၂၀၂၁ခုနှစ် ဇန်နဝါရီ စစ်တမ်းတွင် သူသည် ၃၀.၄%ဖြင့် မဲအများဆုံး ရရှိခဲ့သည်။

မဲဆွယ်ပွဲတစ်ခုတွင်​တွေ့ရစဉ်

စုံစမ်းရေးမှူးချုပ်ရာထူးမှ နုတ်ထွက်ပြီးနောက် ၂၀၂၁ခုနှစ် ဇွန်လ ၂၉ရက်တွင် သူ့အနေဖြင့် ၂၀၂၂ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ဇူလိုင် ၁၂ရက်နေ့တွင် အမျိုးသားရွေးကောက်ပွဲကော်မရှင်၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် မှတ်ပုံတင်ခဲ့သည်။ ဇူလိုင် (၃၀)ရက်နေ့တွင်မူ ထိုစဉ်က အဓိကအတိုက်အခံပါတီဖြစ်သော ပြည်သူအာဏာပါတီ (PPP) သို့ ဝင်ရောက်ခဲ့သည်။ ထိုမတိုင်မီက တစ်သီးပုဂ္ဂလအနေဖြင့် သူ့အတွက် အဓိကထောက်ခံမှုများသည် ကွန်ဆာဗေးတစ်သမားများထံမှ ရရှိခဲ့သည်။ သူ၏ မဲဆွယ်ကာလတွင် လက်ရှိသမ္မတ မွန်းဂျယ်အင်းအစိုးရ၏ လုပ်ဆောင်ချက်များကိုလည်း ဝေဖန်ခဲ့သည်။

အောက်တိုဘာလတွင် ဘူဆန်မြို့၌ ပါတီဝင်များနှင့်တွေ့စဉ် နိုင်ငံ၏ အာဏာရှင်သမ္မတဟောင်း ချန်ဒူးဝမ်အကြောင်းကို မှတ်ချက်ပေးခဲ့သည်။ ယွန်းက လူအများသည် အာဏာသိမ်းမှုနှင့် ဂွမ်းဂျူးလူထုအုံကြွမှုအကြောင်းများမှလွဲ၍ ချန်ဒူးဝမ်ကို နိုင်ငံရေးတွင် ကောင်းမွန်စွာလုပ်ဆောင်သည်ဟု မှတ်ယူကြကြောင်းပြောခဲ့သည်။ ထိုအတွက် ယွန်းသည် တောင်းပန်ခဲ့ရသည်။ မကြာမီတွင် သူက အင်စတာဂရမ် လူမှုကွန်ယက်မှတဆင့် ခွေးကိုပန်းသီးကျွေးနေသော ပုံကို တင်ခဲ့သည်။ ကိုရီးယားဘာသာစကားတွင် ပန်းသီး နှင့် တောင်းပန်သည်မှာ ရေးပုံတူပြီး အဓိပ္ပါယ်ကွဲပြားသည်။ ထိုပုံကြောင့် ဝေဖန်ခံခဲ့ရပြန်သည်။ ထို့ကြောင့် နိုဝင်ဘာ ၁၀ရက်နေ့တွင် ဂွမ်ဂျူးမြို့ရှိ မေ ၁၈ အမျိုးသားသုသာန်သို့ သွားရောက်ချိန်တွင် ယွန်းသည် ထပ်မံတောင်းပန်ခဲ့ရသည်။ သူ့အား ဆန္ဒပြသူများလည်း ကြုံတွေ့ခဲ့ရသည်။

၂၀၂၁ခုနှစ် နိုဝင်ဘာ ၅ရက်နေ့တွင် သူသည် ပြည်သူအာဏာပါတီ၏ တရားဝင်သမ္မတလောင်း ဖြစ်လာခဲ့သည်။ ၂၀၂၂ခုနှစ် မတ်လ ၉ရက်နေ့တွင် ကျင်းပသော သမ္မတရွေးကောက်ပွဲ၌ ယွန်းဆော့ယောသည် အဓိကပြိုင်ဘက် လက်ရှိအာဏာရပါတီမှ လီဂျယ်မြောင်ကို ကွာခြားချက် အနည်းငယ်ဖြင့် အနိုင်ရခဲ့သည်။ ယွန်းဆော့ယောက (၁၆,၃၉၄,၈၁၅) မဲ (၄၈.၅၆%)၊ ဒုတိယနေရာမှ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း လီဂျယ်မြောင်က (၁၆,၁၄၇,၇၃၈) (၄၇.၈၃) ဖြင့် အသီးသီး ရရှိခဲ့သည်။[၆][၇]

သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် ယွန်းက သူ့အနေဖြင့် အိမ်ပြာတော်တွင် ရုံးထိုင်မည်မဟုတ်ဘဲ ဆိုးလ်မြို့လယ်ရှိ ကာကွယ်ရေးရုံးတွင် ပြောင်း၍ရုံးထိုင်မည်ဟု ပြောကြားခဲ့သည်။ အိမ်ပြာတော်မှာ ပြည်သူများနှင့် ကင်းကွာနေသဖြင့် သမ္မတများသည် အခွင့်အာဏာကို တရားလွန်အသုံးချနေကြောင်း သူကဆိုခဲ့သည်။ ဝေဖန်သူများကမူ ထိုသို့ပြောင်းခဲ့ပါက နိုင်ငံ၏ အုပ်ချုပ်မှုအဓိကနေရာသည် ဤသို့ပြောင်းရွှေ့ပါက နိုင်ငံလုံခြုံရေး အားနည်းသွားနိုင်ကြောင်းနှင့် အနီးနားရှိ ပြည်သူများ၏ အခွင့်အရေးများပါ ချိုးဖောက်ခံရကြောင်းနှင့် ဘဏ္ဍာရေးကို အလွန်သုံးစွဲရနိုင်ကြောင်းဆိုခဲ့သည်။[၉]

သမ္မတသက်တမ်း

ကျမ်းသစ္စာကျိန်ဆိုပွဲ

ယွန်းဆော့ယောသည် ၂၀၂၂ခုနှစ် မေလ (၁၀)ရက်နေ့မှစ၍ ကိုရီးယားသမ္မတနိုင်ငံ၏ သမ္မတအဖြစ် (၅)နှစ်ကြာ စတင် တာဝန်ထမ်းဆောင်သည်။ ၎င်း၏ကျမ်းသစ္စာကျိန်ဆိုပွဲသို့ စင်ကာပူနိုင်ငံသမ္မတ အပါအဝင် နိုင်ငံတကာမှ ထိပ်တန်းခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ယခင်သမ္မတဟောင်းဖြစ်သည့် ပတ်ဂွန်ဟေးလည်း တက်ရောက်ခဲ့သည်။ ထိုနေ့တွင်ပင် သမ္မတရုံးထိုင်ရာ အိမ်ပြာတော်ကို အများပြည်သူအတွက် လည်ပတ်ရန်နေရာတစ်ခုအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ သမ္မတ၏ရုံးအဖြစ် အိမ်ပြာတော်အစား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန တည်ရှိရာ Yongsan ခရိုင်ရှိ အဆောက်အဦသို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့သည်။ အိမ်ပြာတော်သည် တောင်ကိုရီးယားသမ္မတများ၏ ရုံးနှင့် အိမ်တော်အဖြစ် (၇၄) နှစ်ကြာ အသုံးပြုခြင်း ခံခဲ့ရသည်။

အမျိုးသားလွှတ်​တော်အ​ဆောက်အဦ​ရှေ့တွင် ကျမ်းသစ္စာကျိန်ဆိုစဉ်
ပြည်သူလူထုသို့ မိန့်ခွန်း​ပြောကြားစဉ်

နိုင်ငံခြားရေးမူဝါဒ

ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ယွန်းဆော့ယောက မြောက်ကိုရီးယားနှင့် တရုတ်တို့နှင့် ပက်သက်၍ ခိုင်မာသော မူဝါဒချမှတ်မည်ဖြစ်ကာ ဂျပန်နှင့် ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်မည်ဖြစ်ပြီး အမေရိကန်အား အဓိကမဟာမိတ်အဖြစ် ဆက်ဆံသွားမည်ဟု ပြောကြားခဲ့သည်။[၁၀]

ကိုးကား

  1. တောင်ကိုရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီမှ Yoon Suk-yeol အနိုင်ရရှိ
  2. South Korean election: the big challenges ahead for new president Yoon Suk-yeol
  3. တောင်ကိုရီးယားထောက်လှမ်းရေးအကြီးအကဲဟောင်း နိုင်ငံရေးလှည့်စားမှုစွဲချက်များဖြင့် ထောင်ဒဏ်ချမှတ်ခံရ။ 25 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 March 2022 တွင် ပြန်စစ်ပြီး။
  4. South Korea indicts former justice minister on charges of fraud, graft
  5. Chief prosecutor seeks injunction against justice minister's order to suspend him
  6. ၆.၀ ၆.၁ Conflicts with minister further pushes top prosecutor's popularity as presidential hopeful
  7. ၇.၀ ၇.၁ Respect court's decision
  8. Former Top Prosecutor Yoon Suk-Yeol Wins South Korean Presidency
  9. တောင်ကိုရီးယား ရွေးကောက်ခံ သမ္မတသစ် ယခင်အိမ်တော် အသုံးပြုမည်မဟုတ်
  10. တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲ ရှေးရိုးစွဲဝါဒီ Yoon Seok-youl အနိုင်ရ