(Go: >> BACK << -|- >> HOME <<)

မာတိကာသို့ ခုန်သွားရန်

ထရန်စဗားနယ်

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ထရန်စဗားနယ်သည် တောင်အာဖရိက ပြည်ထောင်စုနယ်တွင် အပါအဝင်ဖြစ်၏။ ဗားမြစ်၏ တစ်ဘက်တွင် တည်ရှိသည်ကိုအစွဲပြု၍ ထရန်စဗားဟုတွင်သည်။ ထိုနယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် လင်ပိုးပိုးမြစ်၊ အရှေ့ဘက်တွင် ပေါ်တူဂီပိုင် အရှေ့အာဖရိကတိုက်နယ်၊ တောင်ဘက်တွင် ဗားမြစ်၊ အနောက်ဘက်တွင် ဗာဆူးတိုလန်နှင့် ဗက်ချူအားနာလန်နယ်တို့ဖြစ်သည်။

ထရန်စဗားနယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၁ဝ၄၅ဝ မိုင်ရှိသည်။ လူဦးရေမှာ ၄၈ဝဝဝဝဝ ကျော်ရှိသည်။ နယ်တစ်ခုလုံးသည် ဗားမြစ်ဝှမ်းနှင့် လင်ပိုးပိုးမြစ်ဝှမ်းအကြားတွင် ရှိနေသော်လည်း၊ မြေပြင်မှာ အများအားဖြင့် ကုန်းမြင့်ဖြစ် လေသည်။ ထိုနယ်ရှိ ဒရက်ကင်စဗတ်တောင်တန်းမှာ ထင်ရှားသော တောင်တန်းဖြစ်သည်။

၁၈၃၄ ခုနှစ်တွင် ဗြိတိသျှတို့သည် ငွေဝယ်ကျွန်များကို လွှတ်၍၊ ကျွန်ကုန်ကူးရေးအလုပ်ကို ဖိနှိပ်ပိတ်ပင် လိုက်သောအခါ၊ ကိပ်ကိုလိုနီနယ်တွင်နေထိုင်သော ဒပ်ချလူမျိုး လယ်သမားများဖြစ်ကြသည့် ဗိုးဝါးတို့သည် မြောက်ပိုင်းသို့ တဖြည်းဖြည်း တက်လာကြပြီးနောက်၊ ဩရိန်းမြစ်ကိုဖြတ်ကာ ထရန်စဗားနယ်တွင် အိုးအိမ် စိုက်ထူနေထိုင်ခဲ့ကြလေသည်။

ထိုအခါကနယ်အတွင်း၌လည်း တိုင်းရင်းသားလူမည်းများရှိရာ၊ ဗိုးဝါးတို့သည် ထိုတိုင်းရင်းသားလူမျိုးထဲမှ စွမ်းလွန်းတမန်ရှိသော ဇူးလူးလူမျိုးတို့နှင့် မကြာခဏ ခိုက်ရန်ဖြစ်ပွားသည့်ပြင် ဗြိတိသျှတို့နှင့်လည်း မသင့်မမြတ်ဖြစ်ခဲ့ကြလေသည်။

၁၈၇၇ ခုနှစ်တွင် ဗြိတိသျှတို့သည် ထရန်စဗားနယ်ကို ခေတ္တသိမ်းပိုက်ထားရာ၊ ၁၈၈၁ ခုနှစ်၌ ထရန်စဗားနယ်ရှိ ဗိုးဝါးတို့နှင့်စတင်၍ အချင်းများကြပြီးနောက် တိုက်ပွဲတွင် ဗြိတိသျှတို့ အရေးရှုံးနိမ့်လေသည်။ ထိုနောက် ထိုနယ်သည် လွတ်လပ်ခဲ့ပြီးလျှင် ဗြိတိသျှတို့၏ ထိန်းသိမ်းစောင့်ရှောက်မှုကို လက်ခံလာလေသည်။

သို့သော် ရွှေကံစမ်းရှာဖွေခွင့်နှင့်စပ်လျဉ်း၍ ဗိုးဝါးစစ်ပွဲကြီးသည် ၁၈၉၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက် နေ့တွင် စတင်ဖြစ်ပွားလေသည်။ ထိုစစ်ပွဲမှာ ၃ နှစ်မျှကြာ၍ နောက်ဆုံး စစ်ပြေငြိမ်းရေးစာချုပ်အရ ထရန်စဗားနယ်မှာ ဗြိတိသျှကိုလိုနီ နိုင်ငံတစ်ခု ဖြစ်လာလေသည်။

တိရစ္ဆာန်များ

ထရန်စဗားနယ်သို့ လူဖြူများ ရှေးဦးစွာ ရောက်လာစဉ်က ခြင်္သေ့ဆင်ကျားသစ်သစ်ကုလားအုပ်မြင်းကျားနှင့်ကြံ့များသည် တောကြီးတောင်ကြီးများထဲ၌၎င်း၊ ရေမြင်းနှင့် မိကျောင်းများသည် မြစ်ချောင်း အင်းအိုင်များထဲ၌၎င်း အလွန် ပေါများ၏။ သို့သော် ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် အတော်ပင်ယုတ် လျော့သွားကြလေသည်။

မြို့ကြီးများ

ပရီတိုးရီးယားမြို့သည် ထရန်စဗားနယ်၏ မြို့တော်ဖြစ်၍၊ တောင်အာဖရိကပြည်ထောင်စု၏ ရုံးစိုက်ရာ အချက်အချာ မြို့ဖြစ်၏။ အခြားမြို့ကြီးများမှာ ဂျိုဟန္နက်စဗတ်မြို့၊ ဗီနိုးနိုင်းမြို့၊ ကရူးဂါးစဒေါ့မြို့တို့ ဖြစ်ကြသည်။

တွင်းထွက်သတ္တုများ

ထရန်စဗားနယ်သည် ကမ္ဘာပေါ်တွင် ရွှေထွက်ရာဗဟိုဌာန ဖြစ်သည်။ စိန်၊ ကျောက် မီးသွေး၊ ရွှေဖြူ၊ သံ၊ ငွေ၊ ကြေးနီ၊ ခဲ၊ ယမ်းစိမ်းနှင့် ကန့်များကိုလည်း တူးဖော်ရရှိလေသည်။

၁၉ဝ၆ ခုနှစ်တွင် ထရန်စဗားနယ်သည် ကိုယ်ပိုင်အုပ်ချုပ် ရေးရပြီးလျှင်၊ ၁၉၁ဝ ပြည့်နှစ်၌ အသစ်ဖွဲ့စည်း တည်ထောင်၍ တောင်အာဖရိကပြည်ထောင်စုတွင် ပြည်နယ်တစ်နယ် ဖြစ်လာလေသည်။[၁]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)